Sunday, July 26, 2009

အဆင့်မြင့်ဆံသဆိုင်



သံဝေဂတွေညှပ်ပေးပါ အမှားတွေခဏခဏ ရှည်ထွက်လိုညှပ်ပေးပါ
ရေထဲခေါင်းနှစ်ရင်တောင် ရေမစိုတဲ့ခေါင်း သူ့ကိုလည်းလျှော်ပေးပါ
လူဝင်ပေါက်မှာခွေးတစ်ကောင်ပိတ်အိပ်နေတယ် ကန်ထုတ်လိုက်ဦး
ငါ့ခေါင်းကိုမကိုင်ခင် လက်အရင်ဆေး လောကဓံတွေကပ်မပါစေနဲ့
တစ်ခါသုံးဓားတွေပေါ်မှာ သွေးခဏခဏပေတာ အောင်မြင်မှုအမှတ်တံဆိပ်တွေလား
အတွေးအခေါ်တွေ လက်ခေါက်ဝတ်ပြီး ဆုံလည်ကုလားထိုင်ပေါ်မှာ ကျကျနန
အစွယ်ထွက်ရမယ့်အစား မုတ်ဆိတ်မွေးတွေ ထွက်ထွက်လာလို့ ရိတ်ပေးပါဦး
ကတ်ဆက်ပိတ်လိုက်ပါလား မင်းတို့မှာလည်း ပါးစပ်ရှိတာပဲ အော်ဆိုပေါ့
ဟိုဘက်ခုံ လူမလာသေးရင် ငါ့အရေခွံ့လေး ခဏချွတ်တင်ထားပါရစေ
ဒါမှ စိတ်လွတ်ကိုယ်လွတ် ညှပ်စမ်း ခေါင်းပေါ့သွားအောင် ညှပ်စမ်း
ဆေးမှာပေါ့ အရယ်အမုန်းတွေ ပျောက်သွားတဲ့အထိ ငါ့မျက်နှာကိုဆေး
မျက်စိမှိတ်ထားမယ် အားလုံးပြီးမှငါ့ကိုနှိုး မှန်ထဲမှာ
ကိုယ့်မျက်နှာကိုယ်ပြန်မြင်ရတာရှက်လို့။
မြေမှုန်လွင်

Wednesday, July 15, 2009


blsck sea

စိတ်တွေလေတဲ့နေ့



အယောင်ယောင်အမှားမှားနဲ့
အတိတ်တံခါးကိုသွားခေါက်မိတော့
စနစ်တကျသိမ်းဆည်းထားတဲ့အိပ်မက်တို့
တဝုန်းဝုန်းထပျံ…
ငါ့ရင်ခုန်သံတွေမမှန်ချင်တော့………။

တဝေါဝေါထိုးကျနေတဲ့ရေတံခွန်တစ်စင်း
မီးခပ်မျှင်းမျှင်းနဲ့မငြိမ်းနိုင်တဲ့မီးဖိုတစ်ခု
မာကျောကျွတ်ဆတ်ယောင်ဆောင်ထားတဲ့မှိုတက်ပေါင်မုန့်ကတစ်လုံး
မေ့တေ့တေ့ပါပဲဆိုပြီးကြည့်မှန်တွေကိုထိုင်ထိုင်ကြည့်နေတတ်တဲ့ဖဲကြိုးဖြူလေးကတစ်ခု
အနီရောင်နှင်းဆီပန်းခြောက်တွေကိုနှင်းဆိနံ့ရေမွှေးဖြန်းပေးနေတတ်တဲ့
နေရောင်ခြည်လေးကတစ်စ

စာလုံးတွေမှုန်ဝါးသွားသည့်တိုင်မြင်နိုင်နေသေးတဲ့စာရွက်ဝါကြင်ကြင်တချို့နဲ့စာအုပ်
ရယ်သံများနှင့်လတ်ဆတ်ရှင်းသန့်နေခဲ့သောနံနက်ခင်းတစ်ခု
သူတို့တစ်စုတစ်ဝေး ကျင်းပနေသော စကားလုံးမဲ့အလွမ်းပွဲတော်သံ
နားမခံသာပြန်ဘူး………

လှည့်ထွက်ခြေလှမ်းတို့နွမ်းချိယိုင်လှုပ်
တဖြုတ်ဖြူတ်ကြွေကျလာသော မျက်ရည်စက်များအုံ့ခို..
တံခါးကိုအလိုလိုဆွဲပိတ်မိပေမယ့်..အားမထည့်နိုင်ခဲ့တော့…

လူဆိုတာဒီလိုပဲလား
သိပ်အားနည်းနေတဲ့အချိန်မျိုးမှာ
အရာရာဟာ ရောဂါဘယတွေလိုခြုံခိုတိုက်ခိုက်
အစွယ်တဖွေးဖွေးနဲ့ကိုက်တတ်တဲ့သတ္တဝါတွေလို
ငါ့ကိုတစ်ခါတည်းမျိုချပစ်လိုက်ကြပါတော့လားးးးးးး
တစ်ယောက်တည်းအားထည့်အော်ပစ်လိုက်တဲ့အသံ
ကိုယ့်နှလုံးသားကိုပဲပြန်မှန်တယ်
တကယ်ဆို…အဲဒီလိုစိတ်လေနေဖို့မကောင်းဘူး
ဒါပေမယ့်..လူဆိုတာမျိုးကလည်း
လျို့ဝှက်ခန်းကလေးတွေကိုယ်စီနဲ့
လူခြေတိတ်ချိန်ကျ..တစ်ယောက်တည်းဖွင့်ကြည့်နေမိတတ်တာမျိုး
ဘာပဲဖြစ်ဖြစ် တနင်္လာနေ့မနက်ကျရင်တော့
တံခါးချပ်ကအလိုလိုပိတ်..ပစ္စက္ခဆီစိတ်တွေပြန်လည်ဆောင်ကျဉ်း
သီချင်းတစ်ပုဒ်ကိုခပ်တည်တည်ဆို(စာမျက်နှာ-၁၅..ပဲဖြစ်မယ်ထင်တယ်)
အနာဂါတ်ဆိုတာကြီးနဲ့တည့်တည့်ရင်ဆိုင်
ဘယ်မှာစိတ်လေနိုင်တော့မှာတဲ့လဲ။ ။
မနော်ဟရီ

ညီမလေးသိတယ်မို့လား


သိတယ်မဟုတ်လား
အချစ်ဆိုတာ တစ္ဆေ
တစ္ဆေ နဲ့တူတာ အချစ် တဲ့
စကားအဖြစ်နဲ့မော
ပြောလို့သာပြောကြတာ
တွေ့ဖူးတဲ့သူရှားလိုက်တာ……..တဲ့။

သိတယ်မဟုတ်လား
ဒီမှာ..မသူဇာ
နင်ဟာ ငါ့အဖို့ ပတ္တမြား
ဘာလဲ ကြောက်သွားသလား
ငါ့လက်ထဲရောက်လို့
ဓါးသွေးကျောက်လုပ်မယ်ထင်လို့လား
လည်ပင်းမှာဆွဲထားမှာပါဟာ…တဲ့။

တစ်ခါသားက (ရမ်ဘိုမဟုတ်)
ဗန်တိုလူလေးရဲ့ဇာတ်ဝင်ခန်း
လွမ်းလို့သာလွမ်းပြတာ
ကျောချမ်းစရာဇာတ်ကားနော်။ ။
ဇော်(ပျဉ်းမနား)

La Belle Dame Sans Merci


I
Oh what can ail thee, knight-at-arms,
Alone and palely loitering?
The sedge has withered from the lake,
And no birds sing.
II
Oh what can ail thee, knight-at-arms,
So haggard and so woe-begone?
The squirrel's granary is full,
And the harvest's done.
III
I see a lily on thy brow,
With anguish moist and fever-dew,
And on thy cheeks a fading rose
Fast withereth too.
IV
I met a lady in the meads,
Full beautiful - a faery's child,
Her hair was long, her foot was light,
And her eyes were wild.
V
I made a garland for her head,
And bracelets too, and fragrant zone;
She looked at me as she did love,
And made sweet moan.
VI
I set her on my pacing steed,
And nothing else saw all day long,
For sidelong would she bend, and sing
A faery's song.
VII
She found me roots of relish sweet,
And honey wild, and manna-dew,
And sure in language strange she said -
'I love thee true'.
VIII
She took me to her elfin grot,
And there she wept and sighed full sore,
And there I shut her wild wild eyes
With kisses four.
IX
And there she lulled me asleep
And there I dreamed - Ah! woe betide! -
The latest dream I ever dreamt
On the cold hill side.
X
I saw pale kings and princes too,
Pale warriors, death-pale were they all;
They cried - 'La Belle Dame sans Merci
Hath thee in thrall!'
XI
I saw their starved lips in the gloam,
With horrid warning gaped wide,
And I awoke and found me here,
On the cold hill's side.
XII
And this is why I sojourn here
Alone and palely loitering,
Though the sedge is withered from the lake,
And no birds sing.
John Keats

ကရုဏာမဲ့သည့်လှဒေဝီ



ချပ်ဝတ်ကယ်မှိန်ညိုနှင့်၊အလို..ရှင်သူရဲငယ်၊စိတ်ထဲဘယ်ဝန်ပိုလို့
တစ်ကိုယ်တော်ဖြူရော်နွမ်း၊ခြေလှမ်းရာလူပါလို့၊ယောင်ချာချာလှည့်သတုန်း။
ကန်တစ်ဝိုက်၊မြက်သိုက်ပင်သေကာညှိုးလို့၊ ငှက်တွေဘယ်ဆီရောက်တယ်
တေးပျောက်ဆိတ်သုဉ်း။

ချပ်ဝတ်ကယ်မှိန်ညိုနှင့်၊အို..ရှင်သူရဲငယ်၊စိတ်ထဲဘယ်ဝန်ပိုလို့
မျက်နှာအိုကြုံလှီပန်း၊ငြိုငြင်ငြင် ပူပုံသမ်းလို့၊နွမ်းနေရသတုန်း။
ရှဥ့်ကလေးစပါးကျီ၊ပြည့်လေပြီ အစာမောက်၊
ကောက်သိမ်းရက်ဆုံး။

သင့်နှဖူးကနှင်းပန်းမှာ၊ဝေဒနာမှုန်ဝေ့လို့
အဖျားငွေ့နှင်းပေါက်ခို၊ဘယ်လိုတဲ့အရေး
သင့်ပါးပေါ်က နှင်းဆီနီ၊ညှိုးရှာပြီသွေ့သွေ့ခန်းတယ်
နွမ်းမြန်လှလေး။

မြက်ခင်းလှစားကျက်မြေ၊ ကြုံတွေ့ပေနတ်ရင်သွေးငဲ့
အလှရေးပြည့်စုံညီ၊ဒေဝီတဲ့ရှုမရဲ
ရှည်သွယ်ပေ့ သူ့ကေဆံ၊သူ့ခြေတံတင့်တယ်လွန်း
တောက်ရွှန်းကြည်ဟန်မဖုံးတယ်၊မျက်လုံးကရွဲ။

သူ့ခေါင်းမှာဆင်ကာမြန်းဖို့၊ပန်းကုံးကိုငါသီ၊လက်ဆီမှာပန်းလက်ဝတ်
ပန်းခါးပတ်မွှေးကြိုင်စွာ၊ဆက်ပါရ သူ့အား
ငါ့ကိုကွယ် ချစ်သလိုငေးလို့၊တိုးတိုးလေး ညင်သာစွာ၊
ချိုသာသာညည်သံရှိုက်၊ ကြားလိုက်ရနား။

ပွေ့ကာတဲ့သူ့ကိုတင်၊မြင်းကြော့တွင်နေရာချလို့၊ လှမ်းရုံမျှညင်သာသာ
နှင်လာခဲ့သည်တွင်း ။ ။
တစ်နေ့လုံး ပတ်ကုံးတဲ့ဝန်းကျင်၊ မမြင်ပါ သူ့သာငေးမိ
တစောင်းလေး သူ့ကိုယ်နေ၊ငါ့ဘက်လေ လှည့်ခွေရစ်လို့
ချစ်တေးသူဆိုဖွဲ့တယ်၊နတ်ရဲ့သီချင်း။

သစ်မြစ်စုံချိုမြိန်လှ၊သဘာဝပျားသကာ၊နတ်သုဒ္ဓာနှင်းရည်ပေါက်
စားသောက်ဖို့ ငါ့တွက်တာ၊သူရှာလို့ကျွေး
ပြီးတော့မှသာ၊သေအချာဘာသာဆန်းနှင့်၊လွမ်းဖွယ်ငဲ့သူဆို
`မောင့်ကိုလေ မေတ္တာစစ်နှင့် ချစ်မိပါလေး တဲ့။ ။

နတ်သူငယ် ရုက္ခစိုး၊လိုဏ်မျိုးကွယ် သူ့ဂူတွင်းသို့၊ခေါ်သွင်းပြီးမှ
ရှိုက်ကာငို၊လှိုက်ဖိုစွကြေကွဲ။ ။
ဂူတွင်းမှာပေါ့၊ချစ်ဝင်းရည် စို့ကာလက်သည့်၊မျက်ရွဲတွေစင်းပျော်မှိတ်အောင်
မိတ်ရလေနမ်းပွင့်မွှေးနှင့်၊လေးကြိမ်မျှပဲ။ ။

ဂူတွင်းမှာပဲကွယ်၊ကျူညင်သာ၊သူလျင်သိပ်တော့၊မှေးမှိတ်လို့ပျော်ဆဲတွင်
အိပ်မက်မြင်နောက်ဆုံး။ ။
ချမ်းလို့သာအေးဘိတယ်၊နံဘေးတောင်စွယ်၌
အိပ်မက်နယ်မြင်သမျှကြောင့်၊သောကမှောင်ဖုံး။ ။

ငါမြင်သည်ဘုရင်များ၊မင်းသားနှင့်ရဲကျော်တွေ၊ဖြူယော်ကွဲ့အကုန်လုံး။ ။
သွေးဆုတ်သည့်အသွင်၊သေမင်းငင်နယ်က၊အသံကျယ်ဟစ်အော်ပြကြ
ကရုဏာမဲ့သည့်လှဒေဝီ ကျွန်ပြုပြီမင်းကို ဖမ်းပေါ့
လွတ်လမ်းပျောက်ဆုံး……….တဲ့။

ငါမြင်သည် မှောင်ရီဖျ၌၊ ငတ်ကြသည့်နှုတ်ခမ်းတွေ
အစွမ်းကုန်ဖြဲကာဟ၊ကြောက်စရာ့သတိသံ၊ပေးဟန်ကသိမ့်ဟည်း…။
လန့်အနိုးမှာလ၊တောင်ရိုးစွယ်သည်နံဘေး၊
ချမ်းအေးကာ ဆိတ်လို့သုဉ်းတယ်၊ဘုန်းမောင့်ကိုယ်တည်း။ ။

သနစ်ရယ်ပူမီးကြောင့်၊ခရီးယာယီပိုရ၊တစ်ကိုယ်တော်ဖြူယော်နွမ်း
ခြေလှမ်းရာလူပါလို့၊ယောင်ချာချာလှည့်ကာသွား ။ ။
ကန်တစ်ဝိုက်၊မြက်သိုက်ပင်၊သေကာညှိုးလို့၊ငှက်မျိုးတွေဘယ်ဆီရောက်
တေးပျောက်ကာ ဆိတ်လို့သုဉ်းပေမယ့်၊ဘုန်းမမှုအား။ ။

တက္ကသိုလ်ဘုန်းနိုင်

Sunday, July 5, 2009

အချစ်ဆိုတာ . . .ဒီလိုရေးတယ်


လရောင်နဲ့ခလုတ်တိုက်မိလို့
ဖောက်ကနဲ . . .ပွင့်သွားတဲ့ ကုမုဒြာ
ကိုယ့်စိတ်ကူးတော်ဝင်ရာ
မိဘမဲ့ဂေဟာတစ်ခုမို့။

သူငယ်ချင်းကြိုက်တတ်တဲ့အကောင်းမြင်ဝါဒ
ကိုယ်ဆောက်တည်လိုက်တိုင်း
လေပွေတစ်ခုလိုချာချာလည်ပြုတ်ကျ . . .။

ဒီ . .ဘ၀ကောင်းမှုတစ်ခုတော့ပြုရမယ်
ပရဟိတကို ပိုးမွေးသလို
ကြယ်တွေ ကြွေတယ်။

ရပ်တန့်ဖို့
သွားနေတဲ့ အမြန်နှုန်းကိုနှစ်ဆ
ကိုယ့်ဂေဟာ
ကိုယ့်ဆာလောင်မှု
နယ်စည်မခြားတဲ့ ကိုယ့်ချစ်ခြင်းမေတ္တာ။ ။
ဇော်မိုးလွင်

အိပ်မက်ထဲမှာရွာတဲ့မိုး




ကောင်မလေးရေ...
ငါ့အလွမ်းတွေ စိုထိုင်း
မိုးငွေ့သယ်တဲ့ တိမ်တွေလို မှိုင်းနေလိုက်တဲ့ပုံ
မုတ်သုံလေတစ်ချက် တိုက်ရုံနဲ့ ငိုတော့မယ်...

ကမ်းရိုးတန်းလို ရင်ခွင်မှာစိုလက်
ပင်လယ်ဖက်ဆီက သတိရခြင်းတွေ တက်လာတယ်...

ဟောဒီ တစ်သက်မှာ
ဘယ်တုန်းကမှ အိပ်မက်မမက်ဘူးတဲ့ကောင်
ခုတော့...အလွမ်းတွေနဲ့ မှောင်လို့၊
ကယောင်ကတမ်း ညည်းရင်း လန့်နိုး
“မုန်တိုင်းက မင်းနာမည်ကို ခိုးသွားတယ်...”

အဲသည်...တစ်စုံတစ်ရာသော မိုးလေ...
ငါ့ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့သွေးတွေနဲ့
အိပ်မက်တစ်ခုလုံး စွန်းသွားတယ်။ ။

မင်းခိုက်စိုးစန်
မေ၊၇၊၁၉၉၉

အရူးမှာလိုင်စင်ရှိတယ်


ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူး
ကပ်ကြေးသံတစ်ချပ်ချပ်က နားယားတယ်
ငါ့ခေါင်းကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာ
မှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ရှိသေးတယ်
သံသရာဟာ ဘောလုံးပွဲမှာ သူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်
ဒိုလေး၊ဘက်ခမ်း၊ဘန်ပါစီ၊မက်စီ၊ကာကာ
ငါ့ရှေ့ရောက်သလိုပဲ
ငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲ
ဘရိတ် ခဏခဏအုပ်တယ်
အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်
စဆိုတဲ့ စာသားက တီလုံးရှေ့က ပြေးထွက်လာ
သရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုး
သရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သရဲကားအကြောင်း
စိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင် စိတ္တဇဖြစ်လာစေတယ်ဆိုပဲ
မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဟာ ဆံသဆရာဆိုလား
ဆံသဆရာဟာ မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဆိုလား
သူကိုယ်တိုင်က ဆံသဆရာလား၊စိတ္တဇဝေဒနာသည်လား
သူ့ အမူအယာတွေ၊လေယူလေသိမ်းတွေ ခွဲခြားရခက်လာ
ဘုရား ဘုရား ငါ ထပြေးရမလား
တစ်ခြမ်းပြောင်၊တစ်ခြမ်းမှောင်နေတဲ့ ငါ့ဦးခေါင်းနဲ့ဖြစ်ပါမလား
တကယ့်တော့ဗျာ နံရံမှာချိပ်ထားတဲ့ ကျားခေါင်းနေရာမှာ ခင်ဗျားဆံပင်ပုံမျိုးနဲ့ လူဦးခေါင်းတစ်ခု ချိပ်ထားရမှာ
ဒါမှ ဆိုင်ရဲ့ ကြော်ငြာဟာ ပေါ်လွင်မှာမဟုတ်လား လူတွေစိတ်ဝင်စားမှာ မဟုတ်လား
ဘုရား ဘုရား ဒီလူအတည်ပြောနေတာများလား
သူ့ခြေထောက်ကို ပွတ်သပ်နေတဲ့ကြောင်ကလေးကို ကန်ထုတ်လိုက်ပုံ
ကြောင်ကလေး ဘောလုံးတစ်လုံးကို လွင့်သွားပုံ
နံရံနဲ့ထိပုံ၊ပြုတ်ကျလာပုံ၊ကြောင့်ကလေးညည်းညူနေပုံဟာ
တစ်စက္ကန့် အတွင်း အဖြစ်အပျက် သူ့မျက်နှာဟာ သူဘာမှမလုပ်လိုက်သလိုမျိုး အေးစက်
ဓားအိမ်ထဲ ဘလိတ်ဓားအသစ်ထည့်နေပုံက
အေးဆေးတိကျ၊မြန်ဆန်လွန်းတယ်
သူမျက်နှာရှေ့ တ၀ီဝီပျံသန်းနေတဲ့ ယင်ကောင်ကိုဝိုင်းချလိုက်ပုံဟာ
ငါ့ ပါးစပ်ကို အဟောင်းသားပွင့်သွားစေတယ်
ငါ့ ၀တ်ရုံအဖြူပေါ် ပြုတ်ကျလာတဲ့ ယင်ကောင်တစ်ဝိုင်းဟာ
ငါ့ ဆံပင်နဲ့ရောထွေးလို့ တောင်ပံတစ်ဖက် ခတ်နေတုန်းပဲ
ငါ့ ဂုတ်ပေါ်မှာ ဆံပင်မရှိတော့ဘူး
ငါ မျက်တောင်မခတ်ရဲဘူး မျက်တောင်တွေပြတ်ကျမှာစိုးလို့
ငါ မျက်စိမမှိတ်ရဲဘူး မြင်ကွင်းတွေပြုတ်ကျမှာစိုးလို့
ထွက်ပြေးတဲ့ ငါ့စိတ်ဟာ ငါ့ခန္ဓာာထဲကထွက်မရဘူး
တဖျတ်ဖျတ်ခတ်နေဆဲ ယင်းကောင်တစ်ပိုင်းကို ကောက်ယူပြီး
သူ့လက်နဲ့ချေမွလိုက်တယ် အေးဆေးပဲ
သူ့အပြုံးဟာ ပန်းပွင့်သလို အနှေးပွင့်လို့
တရုတ်သိုင်းကားထဲက သူရဲကောင်းလိုလို
စိတ္တဇလူသတ်သမားလိုလို မျက်လုံးဟာ အေးစက် မာကြော တောက်ပ
နှုတ်ခမ်းကို တင်းတင်းစေ့လို့ မှန်ထဲက ငါ့မျက်လုံးကို သူ့မျက်လုံးနဲ့ထိုးစိုက်ထားတယ်
သူ့လက်ဟာ တဆတ်ဆတ်တုန်လို့
ကျုပ်မှာ လိုင်စင်ရှိတယ်လို့ပြောတယ်။

ချစ်သူယက်တဲ့ပုဝါ


နွေဦးရဲ့တိမ်တွေလို
ကိုယ့်အိမ်ကိုယ်ပြန်ရတာနဲ့ပဲ အဆုံးသတ်
ကောင်မလေးရေ . . .
အလွမ်းတွေကိုပဲ (ငတ်)တယ် . . . ..

ဘ၀ဟာ မင်းရဲ့ခြေသည်းခွံ့လေးတွေလောက်တောင်မှ
ကျကျနနမဖြူဆင်ခဲ့ပါဘူး၊
အိပ်မက်တွေရွှံ့လိုလူးခဲ့တယ်။
ကလေးရေ .. . . ငါဆိုတဲ့ခွေးရူးတစ်ကောင်
ကိုယ့်အမြီး ကိုယ်ပြန်ကိုက်
စိတ် နာ . . နာ နေလိုက်ပုံများရယ် . .. .

အဖြူရောင် လေထုထဲ
နှင်းတွေ တဖွဲဖွဲကျနေတဲ့အသံ
ငါ့ရင်ဘတ်က မခံမရပ်နိုင်အောင် (နာ)လာရော . . . .

သံယောဇဉ်ကို
ချည်မျှင်တွေလို ယှက်သန်းတွယ်စေတဲ့
ငါ့ရဲ့ယက္ကန်းသည်မလေးရေ . . . .
. . . . .ဝေးခဲ့တယ်၊

မင်းယက်တဲ့ ပုဝါတစ်စအလှမ်းဟာ
လက်တစ်ကမ်းစာ မကပါဘူး
ကိုယ့်ဘ၀ကိုယ် ပြန်ငေးယူရတဲ့အထိ ဝေးခဲ့တယ် . . . .။
မင်းခိုက်စိုးစန်